|
||||||||
|
အဋ္ဌမကြိမ်မြောက် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ကြီးမှုး၍ မတည်အလှူရှင်များ စုပေါင်း၍ ဇူလိုင်လ(၂၃)ရက်နေ့က မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း တတိယထပ်ရှိ Function Hall တွင် နံနက်(၉)နာရီ၌ အဋ္ဌမကြိမ်မြောက် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတစ်ရပ် ပြုလုပ်ကျင်းပခဲ့သည်။
အခမ်းအနားမှုးအဖြစ် ဦးအုန်းမြင့်(တွဲဘက်အထွေထွေ အတွင်းရေးမှုး)က ဆောင်ရွက်ပြီး အခမ်းအနား အစီအစဉ်များကို ဖတ်ကြားတင်ပြပါသည်။
ထို့နောက် နမောတဿ(၃)ကြိမ် ရွတ်ဆို ၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ဗျူးကွန်းတောရစာသင်တိုက် ဆရာတော်ဘုရားကြီးထံ သရဏဂုံ(၃)ပါး နှင့် ငါးပါးသီလ ခံယူဆောက်တည်ကြပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဥက္ကဌဦးဝင်းခိုင်က တိုင်းကျိုးပြည်ပြုလုပ်ငန်းများတွင် အသင်းကြီး၏ ပါဝင်ဆောင်ရွက်နေမှုများကို ရှင်းလင်းလျှောက်ထားပြီး ဥက္ကဌဦးဝင်းခိုင်နှင့်ဇနီးတို့က ဆရာတော်ဘုရားကြီးအား လှူဖွယ်ဝတ္ထုအစုစုကို ဆက်ကပ်လှူဒါန်းပါသည်။
ထို့နောက်ကြွရောက်လာကြသည့် မတည်အလှူရှင်များ၊ ဗဟိုကော်မတီဝင်များက ဆရာတော်နှင့်တကွ ပင့်သံဃာတို့အား လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြပါသည်။
ကြွရောက်တော်မူကြကုန်သော ဗျူးကွန်းတောရဆရာတော်နှင့် ပင့်သံဃာတို့မှ ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဇယ်ချီးမြှင့်ပြီး ဆရာတော်ဘုရားကြီးမှ ၀ါဆိုသက္ကင်္န်းဆက်ကပ်လှူဒါန်းရခြင်းအတွက် အနုမောဒနာတရားချီးမြှင့်ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပါသည်။
ထို့နော်ကဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း၍ ဧည့်သည်တော်များအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံပါသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနာယကကြီးများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဌနှင့် ဗဟိုကော်မတီဝင်များ၊ ဇနီးများ၊ မတညအလှူရှင်များ ၊ မျိုးဆက်သစ်အင်ဂျင်နီယာများ၊ CEO နှင့် ရုံးအဖွဲ့ဝန်ထမ်းများ စုံညီစွာတက်ရောက် ပူဇော်ကြပါသည်။
သတ္တမအကြိမ်မြောက် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ
၃၁-၇-၂၀၁၀ စနေနေ့တွင် သတ္တမအကြိမ်မြောက် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို မြန်မာနိုင်ငံအင်ဂျင်နီယာ၌ ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ လူငယ် အင်ဂျင်နီယာများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြပါသည်။
|
|||||||
|
||||||||